အလွမ်းအိမ်



ကောင်းကင်ကြီးက ငိုချလိုက်တဲ့အခါ

​တောင်ပြာတွေ ငုံ့လျှိုးသွားကြ

ရေလှိုင်းပြာပြာတွေ လူးလွန့်ပြေးလွှား

ကျနော်  စကားပါးလိုက်တယ်

ကျန်းမာပါစေ မိသားစုလေးရေ...


အလွမ်းတွေသာ ပျံသန်းတတ်ရင်

နှလုံးသားကို လူကြုံပါးလိုက်ပါရဲ့။


အဝေးဆိုပေမယ့် အတွေးရပ်ဝန်းမှာ

သစ္စာတရားကိုခြံစည်းရိုးခတ်

နံရံတစ်ချပ်မှမခြားခဲ့ဘူး..။


မဝေးဘူးဆိုပေမယ့်

မနီးသေးတဲ့ ငြိမ်းချမ်းရေးအတွက်

တာဝန်ကိုအသက်နဲ့ထုပ်ပိုး

အလွမ်းနာကို ယုံကြည်ချက်နဲ့ထုပ်ပိုး

ဘဝကို  လှုပ်နှိုးနေရ....

အကာလတွေ ကျော်ပါစေ

မိသားစုလေး ပျော်ပါစေ.....။


အချစ်ဆိုတာ

 ပေးဆပ်ခြင်း ရယူခြင်းထက်

နားလည်ခြင်းဆိုတာ ပိုမှန်တယ်လို့

မိသားစုလေးက အဓိပ္ပါယ်ဖွင့်ပေးခဲ့

မေတ္တာတံတိုင်းကြီးရေ

နေ့ရက်တိုင်းဟာ အားအင်တွေပဲပေါ့။


ရတဲ့အချိန်လေး

ပျော်အောင်အိပ်မိတယ်

အိပ်မက်ကလေးက

မိသားစုအိမ်လေးထဲ

 ငြိမ့်ငြိမ့်လေးစီးဆင်းလို့.........။

                                                 သားနတ်သျှင်နောင်


Comments